ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်
ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များ
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားပြီး တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။
(၂) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အပေါ် သစ္စာရှိသူဖြစ်ရမည်။
(၃) ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာသူဖြစ်ရန်နှင့် နိုင်ငံတော်အပေါ် ချစ်မြတ်နိုး၍ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရှင်သန်စေပြီး တိုင်းရင်းသားအချင်းချင်းအကြား အပြန်အလှန် နားလည် လေးစားသူ ဖြစ်ရမည်။
(၄) ယခင်ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူနှင့် ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကိုသာ အောက်ပါအချက်များနှင့်အညီ စိစစ်လက်ခံမည်-
(က) အင်ဂျင်နီယာအတတ်ပညာ ဒီပလိုမာ(A.G.T.I)သင်တန်းအတွက် သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီး ရမှတ်(၃၅၁)မှတ်နှင့်အထက်၊ သိပ္ပံဘွဲ့(B.Sc)သင်တန်းအတွက် သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီး ရမှတ်(၃၂၁)မှတ်နှင့်အထက်ရရှိသူများ၊ ဝိဇ္ဇာဘွဲ့(B.A)သင်တန်း အတွက် ဝိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲဖြင့်အောင်မြင်ပြီး ရမှတ်(၃၀၀)နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်ပြီး အမှတ်ကြီးစဉ်အလိုက် ရွေးချယ်မည်ဖြစ်သည်၊ (သိပ္ပံဘာသာတွဲနှင့် ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီး တက်ရောက်ခွင့်ရရှိသူများမှ အမှတ်နည်းသူများအား လိုအပ်ချက် အရ ဝိဇ္ဇာဘာသာတွဲတွင် တက်ရောက်ခွင့်ပြုမည်ကို လက်ခံရမည်။)
(ခ) တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများမှ သတ်မှတ်အရည်အချင်း နှင့်ပြည့်စုံ၍ ဝင်ခွင့်စာမေးပွဲ (ရေးဖြေ၊လူတွေ့) ဖြေဆိုအောင်မြင်သူများ ကိုသာ ရွေးချယ်လက်ခံမည်၊
(ဂ) နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကို ဝင်ခွင့်စာမေးပွဲများ ဝင်ရောက်ဖြေဆိုစေပြီး အောင်မြင်သူများကိုသာ ရွေးချယ်လက်ခံမည်၊
(ဃ) တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများအတွက် သတ်မှတ်ပေးထား သော (ကဓိကနှင့်အရန်) သင်တန်းသားဦးရေကို သင်တန်းအား စိတ်ပါဝင်စား၍ အမှန်တကယ် တက်ရောက်ရန် ဆန္ဒရှိပြီး၊ ဆေးစစ်ချက်အောင်မြင်သူများကိုသာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများမှ ဦးစားပေးအစီအစဉ်အလိုက် ရွေးချယ်၍ သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီသို့ ပေးပို့ရန်နှင့် သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီ မှ စိစစ်ပြီး လက်ခံမည်၊
(င) သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသည့် အဓိကသင်တန်းသားမှာ ဆေးစစ်ချက်မအောင်မြင်လျှင် အစားထိုးတက်ရောက်ခွင့်ပြုမည့် သင်တန်းသားအား သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီသို့ ပေးပို့တင်ပြထားသည့် အရန်အင်အားစာရင်းပါ ဦးစားပေး အစီအစဉ်အရ သတ်မှတ်ကာလအတွင်း တက်ရောက်ခွင့်ပြုမည်၊
(စ) သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း ဆက်လက်တက်ရောက်ရန် ဆန္ဒမရှိ၍သော်လည်း ကောင်း၊ အခြားသင်တန်းသို့ ပြောင်းလဲတက်ရောက်ရန်သော်လည်းကောင်း နှုတ်ထွက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအတွက် အစားထိုးတက်ရောက်ခွင့်မပြုပါ၊
(ဆ) ပထမနှစ်သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပြီး ဆေးစစ်ချက်မအောင်မြင်သဖြင့် ပြန်လည် စေလွှတ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများသည် သင်တန်းသို့ပြန်လည်တက်ရောက်လိုပါက ကျောင်းသို့တိုက်ရိုက်တက်ရောက်ခွင့်မပြုဘဲ သင်တန်းသားအသစ်ကဲ့သို့ အစမှ ပြန်လည်လျှောက် ထားရမည်၊
(ဇ) သင်တန်းသားအဖြစ် ရွေးချယ်ခြင်းမခံရပါက နစ်နာမှုမရှိစေရေးအတွက် အခြားတက္ကသိုလ်၊ ကောလိပ် များသို့ လျှောက်ထားနိုင်သည်၊
(ဈ) သင်တန်းတက်ရောက်ရန် လျှောက်ထားသူများအား နေပြည်တော်ကောင်စီနယ်မြေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများရှိကျန်းမာရေးဌာနတွင် (အသည်းရောင်အသားဝါ Bပိုး၊ Cပိုး၊ HIV၊ ကာလသားရောဂါ၊ တီဘီ၊ နာတာရှည်နှင့် ကူးစက် ရောဂါများ) ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီး ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက် လက်မှတ် မူရင်းကို တစ်ပါတည်း ယူဆောင်လာရမည်၊ (ဆေးစစ်ချက်လက်မှတ် မပါရှိသူများအား ပြန်လည် စေလွှတ်မည် ဖြစ်သည်၊) သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီမှ ပဏာမရွေးချယ်ခြင်းခံရပါက စိတ်အခြေအနေနှင့် ကျန်းမာရေးစစ်ဆေးမှုကို ဒီဂရီကောလိပ်ကျောင်းများမှ ဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် စိတ်အခြေအနေ ကောင်းမွန်မှသာ တက်ရောက်ခွင့်ရပါမည်။ (ထိုစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အတိုင်းသား အတည်ပြု သွားမည်ဖြစ်သည်။)
(၅) လျှောက်ထားသူသည် အသက် (၁၆)နှစ်ပြည့်ပြီး အသက် (၁၉)နှစ်အထက် မကြီးသူဖြစ်ရမည်။ ကျောင်းသားများသည် အနည်းဆုံးအရပ် (၅’) နှင့်အထက်ရှိသူဖြစ်ရမည်။ ကျောင်းသူများသည် အနည်းဆုံး အရပ် (၄’ – ၁၀’’)ရှရမည်။
(၆) ကျောင်းသားများသည် ကိုယ်အလေးချိန် အနည်းဆုံး (၁၀၀)ပေါင်၊ ကျောင်းသူများသည် အနည်းဆုံး (၈၅) ပေါင် ရှိရမည်။
(၇) ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်အလေးချိန်သည် ကိုယ်ခန္ဓာအချိုးအစားနှင့် ကိုက်ညီသည့် ကိုယ်အလေးချိန် ရှိရမည်ဖြစ်ပြီး အဝလွန်၍ ပေါင်(၁၆၀)ထက် ကျော်လွန်သူများ မဖြစ်စေရ။
(၈) ကျောင်းသား၊ ကျောင်းသူများ ဝင်ခွင့်လျှောက်ထားချိန်တွင် နိုင်ငံသားစိစစ်ရေးကတ်မူရင်း တင်ပြနိုင်သူများ ကိုသာ လျှောက်လွှာထုတ်ပေးသွားရန်နှင့် လျှောက်လွှာတင်သည့်အခါ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ ပူးတွဲတင်ပြရမည်။
(၉) လျှောက်ထားသူနှင့် ၎င်း၏မိဘနှစ်ပါးစလုံးသည် ဒေသတွင် အမှန်တကယ်နေထိုင်သူဖြစ်ရမည်။
(၁၀) လျှောက်ထားသူသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်။
(၁၁) အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရဲစခန်း၊ မြို့နယ်/ ရပ်ကွက်အထွေထွေအုပ်ချုပ်ရေးမှူးတို့ထံမှ တစ်လအတွင်းရယူထားသော ထောက်ခံချက် တင်ပြရမည်။
(၁၂) ကျန်းမာ၍ ရောဂါဘယ (နာတာရှည်ရောဂါ၊ ကူးစက်ရောဂါ) ကင်းရှင်းရမည်၊ ကိုယ်အင်္ဂါချို့ယွင်းသူ၊ စိတ်ချို့ တဲ့သူ၊ စကားမပီသသူ၊ စကားထစ်သူ၊ တက်တူး(ဆေးမင်ကြောင်) ထိုးထားသူများမဖြစ်စေရ။
(၁၃) သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးမှု ပြုလုပ်ချိန်တွင် တက်တူး(ဆေးမင်ကြောင်) ထိုးထားသူများနှင့် သင်တန်းတက်ရောက်ရန် ဆန္ဒမရှိသူများကို စစ်ဆေးတွေ့ရှိပါက ပြန်လည်စေလွှတ်ပြီး ၎င်းသင်တန်းသားနေရာတွင် အစားထိုးရွေးချယ်ပေးမည် မဟုတ်ပါ။
(၁၄) အိမ်ထောင်မပြုဖူးသူ လူပျို၊ အပျို ဖြစ်ရမည်။
(၁၅) အမူအကျင့်အားဖြင့် အမျိုးသားဆန်သော အမျိုးသမီး(သို့မဟုတ်) အမျိုးသမီးဆန်သော အမျိုးသား မဖြစ်စေရ။
(၁၆) ရပ်ရွာ၏ လူမှုရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိတ်ဝင်စားသူဖြစ်ရမည်။
(၁၇) ပြည်ထောင်စုတိုင်းရင်းသားဖြစ်ပြီး ရိုးရာဘာသာစကား တတ်ကျွမ်းရမည်။
(၁၈) မြန်မာနိုင်ငံစာစစ်ဌာနမှဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးမှဖြစ်စေ ထုတ်ပေးသော တက္ကသိုလ် ဝင်တန်း အောင်လက်မှတ်နှင့် အမှတ်စာရင်း မူရင်းတင်ပြနိုင်ရမည်။
(၁၉) ပညာရပ်များတတ်မြောက်၍ ဘွဲ့၊ ဒီပလိုမာရရှိပြီးပါက နိုင်ငံတော်ကပေးအပ်သော တာဝန်နှင့် စေလွှတ်ရာ ဒေသသို့ ဦးလည်မသုန်သွားရောက်တာဝန်ထမ်းဆောင်လျက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပါမည် ဟု ကတိပြုသူဖြစ်ရမည်။
(၂၀) နိုင်ငံတော်မှပေးအပ်သော တာဝန်ထမ်းဆောင်ခြင်းမှ ပျက်ကွက်ပါက ဝန်ထမ်းဆိုင်ရာ တည်ဆဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းအရ အရေးယူခံရမည်ကို သိရှိကြောင်း ကိုယ်တိုင်ဝန်ခံကတိပြု လက်မှတ်ရေးထိုး၍ မိဘ၊ အုပ်ထိန်းသူမှ အာမခံကတိပြု လက်မှတ်ရေးထိုးရမည်၊ သက်ဆိုင်ရာမြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်း၏ ထောက်ခံချက်ပါရှိရမည်။
(၂၁) ဘွဲ့၊ ဒီပလိုမာရရှိပြီးပါက နိုင်ငံတော်၌ဝန်ထမ်းခန့်အပ်ခြင်းကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၏ ဝန်ထမ်းလိုအပ်ချက်အရ ခန့်အပ်သွားမည်ကို နားလည်သဘောပေါက်၍ လက်ခံနိုင်မည့် ဝန်ထမ်းလိုအပ်ချက် မရှိပါက မိမိအစီအစဉ်ဖြင့် အလုပ်အကိုင်ရှာဖွေလုပ်ကိုင် ဆောင်ရွက်ရန် လက်ခံသူဖြစ်ရမည်။
(၂၂) အောက်ပါအချက်များနှင့် ကိုက်ညီသူများကို အဓိကထားဦးစားပေးရွေးချယ်မည်-
(က) နယ်စွန်နယ်ဖျားဒေသမှ ဖြစ်ခြင်း၊
(ခ) ပြည်ထောင်စုတိုင်းရင်းသားဖြစ်ခြင်း၊
(ဂ) မိဘမဲ့ (သို့မဟုတ်) မိမဲ့ (သို့မဟုတ်) ဘမဲ့များဖြစ်ခြင်း၊
(ဃ) ဆင်းရဲနွမ်းပါးပြီး ပညာလိုလား ကြိုးစားသင်ယူလိုသူဖြစ်ရမည်၊
(င) လျှောက်ထားသည့်ဒေသ (သို့မဟုတ်) မည်သည့်ဒေသတွင်မဆို တာဝန်ထမ်းဆောင်မည့်သူဖြစ်ခြင်း။
(၂၃) ပညာသင်ကြားခွင့်ရရှိပါက စိစစ်ရွေးချယ်ရေးအဖွဲ့မှ ပညာသင်ကြားရန် သတ်မှတ်ပေးသည့် ဘာသာတွဲနှင့် သတ်မှတ်သည့်ဒီဂရီကောလိပ်တွင် တက်ရောက်နိုင်သူဖြစ်ရမည်။

