ကျောင်းအုပ်ကြီး အမှာစကား

နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို နယ်စပ်ဒေသမှာ နေထိုင်သော ဒေသခံတိုင်းရင်းသား လူငယ်များ ပါဝင်ဆောင်ရွက်နိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖော်ထုတ်နိုင်ရန်နှင့် အဆင့်မြင့် ပညာရပ်တွေကို သင်ယူရရှိနိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာတွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်း‌တောကျေးရွာသို့ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ၂၈-၄-၂၀၂၀ ရက်နေ့တွင် စတင်ပြောင်းရွေ့ ဖွင့်လှစ်ခဲ့ပါသည်။

ဒီဂရီကောလိပ်၊ စစ်ကိုင်းတွင် ဝိဇ္ဇာ၊ သိပ္ပံ (၁၃)ဌာနနှင့် A.G.T.I (၄)ဌာနတို့ဖြင့် ဖွဲ့စည်း တည်ထောင်ထားပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူငယ်တို့၏ ပညာရည်မြင့်မားရေးနှင့် လူမှုဘဝ တိုးတက်မြင့်မားရေးတို့အတွက် ခေတ်အဆက်ဆက် အစိုးရတို့၏ ပံ့ပိုးကူညီပေးမှုဖြင့် ကျောင်းတော်ကြီးမှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပေသည်။ ဤကျောင်းတော်ကြီးရှိ ဆရာ၊ ဆရာမများကလည်း တိုင်းရင်းသားလူငယ်များ အား ဝိဇ္ဇာ၊ သိပ္ပံ၊ A.G.T.I အဆင့်မြင့်ပညာရပ်များကို အင်တိုက်အားတိုက် သင်ကြားပေးလျက်ရှိ ပါသည်။ ကျောင်းဆင်းကျောင်းသားများကလည်း အချင်းချင်း စည်းလုံးချစ်ခင်လျက် ဝန်ကြီးဌာန အသီးသီး၌လည်း ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါသည်။ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်လည်း ကျောင်းဆင်းလူငယ်များက နောင်မျိုးဆက်၏ ငြိမ်းချမ်း သော နိုင်ငံတော်ကြီးကို မလွဲဧကန် တည်ဆောက်ကြရမည်ဖြစ်ပါသည်။

ပညာသင်စဉ်ကာလတစ်လျောက်မှာ ပညာသင်စရိတ်၊ နေထိုင်စားသောက်စရိတ်နဲ့ ကျောင်းဝတ်စုံများကို နိုင်ငံတော်က ပံ့ပိုးပေးခဲ့ပါသည်။ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်နှင့် အင်ဂျင်နီဘာ ဘာသာရပ်များသာမကဘဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သင်ယူရမည့် အခြေခံသဘောတရားများ ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှု ဘာသာရပ်၊ ကွန်ပျူတာ ဘာသာရပ်၊ စီးပွားရေးဘာသာရပ်၊ ခေါင်းဆောင်မှုဘာသာရပ်နှင့် ရုံးလုပ်ထုံးလုပ်နည်းဘာသာရပ် တွေကိုလည်း သင်ကြားလေ့ကျင့်ပေးလျက်ရှိပြီး နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများကို ဝန်ကြီးဌာနအသီးသီးမှ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ချက်များကိုလည်း သင်ကြားပို့ချလျက် ရှိပါသည်။ ထို့အပြင် စာပေ၊ ယဉ်ကျေးမှုများ တိုးတက်လာစေရန် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ နံရံကပ်စာဆောင်ပြိုင်ပွဲများကို ကျင်းပပေးလျက် ရှိပြီး အင်္ဂလိပ်စာစွမ်းရည် မြှင့်တက်စေရန် Competition on Round Table Discussion၊ One Act Play Performance Competition နှင့် Impromptu Speech Competition များ နှစ်စဉ် ကျင်းပပေး လျက်ရှိပါသည်။

အမိဒီဂရီကောလိပ်မှ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များကို အဆင့်မြင့်ပညာ ရပ်များ သင်ကြားပေးပြီး တိုင်းပြည်အတွက် ဝန်ထမ်းကောင်းတွေကို မွေးထုတ်ပေးလျက်ရှိပါသည်။ ကျောင်းဆင်းပြီးပါက ပြည့်သူအကျိုးသယ်ပိုး၍ ပြည်သူက လေးစားအားကိုးသော နိုင်ငံဝန်ထမ်း ကောင်းများဖြစ်ရန် လေ့ကျင့်သင်ကြားပေးပြီး နိုင်ငံတော်၏ ကျေးဇူးတရားများကို အမြဲစောင့်သိ၍ မိမိတာဝန်ကျရာ ဒေသများ၏ လူမှုစီးပွားဘဝ မြင့်မားအောင် ဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်ကြား ပေးလျက် ရှိပါသည်။